November 17, 2007

ညပေါ်က လူသုံးယောက်


အပြောင်းအလဲတခု စတင်ပေါက်ဖွားခဲ့တဲ့ညပေါ့ဗျာ..။
အာရုံထိထိုင်ဖြစ်ကြတဲ့ည..။
အဲ့ညမှာ လူသုံးယောက်ပဲရှိတယ်...။
ညပေါ်က လူသုံးယောက်

တညခင်းပေါ့
လူသုံးယောက်
ထိုင်ခုံသုံးလုံးပေါ်မှာ
ဆင်စီးတယ်
ကျားစီးတယ်
ကြက်တိုက်တယ် …
အချိန်တွေက အမြည်းအဖြစ်
ရံလို့ပေါ့ …

ကိုယ်စီကိုငှ
တိမ်တွေညိုညိုအောက်က
ပြိုတော့မလို
မိုးစက်တွေနဲ့
ဆက်လမ်းအတွက်
ခပ်ကြမ်းကြမ်း
ရင်ဖွင့်ချတယ်…ရင့်ကျူးကြတယ် …

ရင်ခုန်သံ ကတုန်ကယင်နဲ့
အိမ်ပြန်ချိန်ကို အမှတ်ရတော့
ဟိုးအဝေး ကြက်တွန်သံမှာ
ကြယ်တွေ အိပ်မောကျ
လရိပ် လက်ခါပြတော့မှ
ဒီလူသုံးယောက်
စာတပုဒ်ကို
ပေါင်းစပ်ဖြစ်တယ် …
အဲဒါ …
အာသာငမ်းငမ်း ညကိုငှဲ့သောက်ခဲ့မိခြင်းပါ…

ဆောင်းလူ (4း13 ပီအမ်)
နိုဝင်ဘာ ၁၆။ 2007

(ပထမဦးဆုံးသော စုပေါင်းစပ်ပေါင်းကဗျာတပုဒ်၏အမှတ်တရ)