April 17, 2008

တခေတ်လုံးစာ..လျှံကျလာသောနွေဦး

ဒီကနေ့ဟာ ကျနော်တို့မြန်မာပြည်သူပြည်သားများအတွက် နှစ်သစ်ကူးတဲ့ နေ့ပါ..။ ဒီလိုနေ့မှာ ကျနော်တို့စုဖွဲ့ပြီး ကဗျာစာအုပ်လေးတအုပ် ထုတ်ဝေဖြစ်ခဲ့ပါတယ်..။ ၀ါသနာပါသည့် တက်သစ်စလူငယ်ကဗျာဆရာများဖြင့် ဖော် ကျူးထားပြီး စာအုပ်ကိုတော့ တခေတ်လုံးစာ..လျှံကျလာသောနွေဦး လို့ ကင်ပွန်းတပ်ခဲ့ပါတယ်..။ အခုတော့ ကျ နော်လည်းအချိန်မရလို့ စာအုပ်မျက်နှာဖုံးကိုပဲ အမြည်းအဖြစ်တင်ပေးလိုက်ပါတယ်။ အချိန်ရရင် ကျနော် တပုဒ် ချင်း (ဒါမဟုတ်) တပြိုင်တည်း တင်ပေးဖို့ အစီအစဉ်ရှိပါတယ်။

လေးစားစွာဖြင့်
ဆောင်းလူ

April 7, 2008

ငွေ့ရည်ဖွဲ့တဲ့..နွေ

နွေဆိုတာ သိတဲ့အတိုင်းပူလောင်ပါတယ်..။ နွေကိုနှစ်သက်တဲ့သူလဲရှိသလို မနှစ်သက်သူတွေလည်းရှိပါတယ်..။ သင်္ကြန်နား နီးလာလို့ထင်ပါတယ်...။ နွေမှာရွာတဲ့ မိုးက အတော်သည်းထန်တယ်ပြောရမှာပဲ...။ ပူလောင်နေတဲ့ အချိန်မှာဆိုတော့ မိုးရွာတာကိုကြည့်ပြီး ပျော်မိတဲ့အခိုက်မှာ ငွေ့ရည်ဖွဲ့တဲ့...နွေ ကို ဖန်းတီးကြည့်လိုက်တာပါ...
အားလုံးကိုလေးစားလျှက်
ဆောင်းလူ
ငွေ့ရည်ဖွဲ့တဲ့..နွေ

ရှစ်ခွင်တံတိုင်း ..
မှိုင်းဝေအုံ့ဆိုင်း
လေညှင်းထန်ထန်
ရွာမယ့်ဟန်ဆင် အကဲပြင်၍
လေငြိမ်တချက်
လျှပ်တပြက်ဝယ်
အငြိုးတကြီး
မိုးကြီးကြီးရွာသွန်းနေလိုက်တာ
ပူလောင်လှတဲ့
နွေခေါင်ခေါင်မှ ဟုတ်ပါလေစ ..။

ဆောင်းလူ
(၅.၃.၂၀၀၈)

အာသာငမ်းငမ်း ညကိုငှဲ့သောက်ခြင်း

ကျနော့်ဘလော့ဂ်လေးစလုပ်တော့ ဒီကဗျာလေးကို လိုက်ရှာမိသေးတယ်။ အခုမှပဲတွေ့လို့ ပြန်တင်လိုက်တာပါ..။ ကို နေသွင် (နေနေ)၊ ကိုအောင်ထွန်းရယ်၊ ကျနော်ရယ် ညတခုပေါ်မှာ ကြယ်တွေ..တိမ်တွေကိုငေးရင်း သုံးယောက်သားပေါင်းစပ်ဖြစ် ခဲ့တာပါ..။ ဝေလီဝေလင်းအချိန်လေးမှာ ပြီးဆုံးခဲ့တဲ့ဒီကဗျာကို အမှတ်တရအဖြစ် တင်ပေးလိုက်တာပါ..။ ဒီကဗျာရဲ့နောက်ဆက်တွဲ အဖြစ် ညပေါ်ကလူသုံးယောက်ကဗျာကိုတော့ ကျနော်ဆက်ရေးဖြစ်ခဲ့ပါတယ်...။

အားလုံးကိုလေးစားလျှက်
ဆောင်းလူ
အာသာငမ်းငမ်း ညကိုငှဲ့သောက်ခြင်း…

ငါ့လိပ်ပြာက
ငါ့သစ္စာတရားကိုသိတယ်
မှောင်မိုက်နေပါ့စေ
ငါထွန်းလင်းပါ့မယ် …။

ဘယ်သူတိုင်းတာဘူးပါသလဲ
အမှောင်ည ပိုးစုန်းကြူးရဲ့အလင်းသံစဉ်ကို..။
အဲ့ဒီအမှောင်ထဲမှာတောင်
ငါက ငါ့အမှန်တရားအတွက်
ဘုရားဆီကပဲ လက်ဖြန့်ချင်တဲ့ကောင်
နှလုံးသားနဲ့ကောင်…။

အဲ့ဒီလို
ငါ့ကိုယ်ငါ ကျိန်ဆိုခဲ့မိရဲ့…
မိုးမလင်းနိုင်သေးမှန်းသိတယ်
ဒါပေမယ့်
ငါက ညကိုဒေါင်လိုက်ဆွဲဖွင့်ချင်တဲ့ကောင်…။

မြစ်ကကောင်းကင်ပေါ်
ပင့်သက်နဲ့ပေါလောမျောနေခဲ့
ခုနှစ်စင်လုံး အမြီးထောင်တော့မယ်
အရုဏ်ဆိုတဲ့မနက်
လင်းဝင့်တော့မယ်…။

ဖြစ်နိုင်ရင်
အဲ့ဒီမနက်
ကျုပ်… အိပ်မက်ခွင့်ပြုပါ…။

(နေနေ၊ အောင်ထွန်း၊ ဆောင်းလူ)


April 4, 2008

နေ့တခု၏ နွေ...

သင်္ကြန်ရဲ့ ရင်ခုန်သံကို ဆင်နွှဲဖူးသူတိုင်း သိပါတယ်..။ သင်္ကြန်မှာ အလွန်ပူလောင်ပြင်းထန်လွန်းတဲ့ နေနဲ့
ရနံ့မဲ့တဲ့ ပန်းပိတောက်တို့ လိုက်ဖက်ညီဖော်ကျူးထားပုံက တမျိုးတဖုံပဲ လွမ်းမောစေနိုင်ပါတယ်...။ နွေပေတရာပေါ်မှာ နေကတော့ အစွမ်းကုန်တောက်လောင်နေပေမယ့်...ရနံ့မကြွယ်တဲ့ပန်းပိတောက်တွေကရော ဘာဖြစ်လို့များ အချိန်မှန်မှန် မပွင့်ချင်ကြတာပါလိမ့်နော်...။
အားလုံးကိုလေးစားလျှက်
ဆောင်းလူ
နေ့တခု၏ နွေ …

နေ့တခုရဲ့ နွေ
နွေတခုနဲ့ နေက...
စိတ်ထင်ရာ အရိပ်တွေဖြန့်ခင်း
အစွမ်းကုန် ဆွေးမြေ့ပြနေလိုက်တာ…။

နွေနဲ့အတူ
အချစ်… အမုန်း…
ပုထုဇဉ်ဘဝ
လူဖြစ်တုန်းခဏမှာ
ပဋ္ဋိပက္ခနဲ့ စစ်ခင်း
ကမ္ဘာမြေပေါ် ခြေစုံရပ်ရင်း
ပန်းပိတောက်တွေ သစ္စာမဲ့တာကိုတော့
ဖွဲ့နွဲ့မနေ၀ံ့ပါ…။

ဆောင်းလူ (ဧပြီ၊ ၃၊ ၂၀၀၈)

April 1, 2008

ခရီးသွားမှတ်တမ်း

printing မှာပါပြီးသားပါ..
အများသူငါခံစားနိုင်စေရန်အတွက် ဖော်ပြလိုက်ရပါသည်.။
ဝေဖန်အကြံပေးနိုင်ကြပါသည်...။
အားလုံးကို လေးစားလျက်
ဆောင်းလူ
ခရီးသွားမှတ်တမ်း

လေပြေကိုလည်း ဦးညွတ်ရ
နေခြည်ကိုလည်း ဒူးထောက်ရ
ညရိပ်မှာ
လရိပ်ခြယ် ကြယ်သီကြိုးကို
မျက်နှာသေနဲ့ ခယ …။

တောင့်တရာ အိပ်မက်တွေ
တမ်းတရာ ဆန္ဒတွေ
ချစ်မိသမျှ… မုန်းမိသမျှတွေ
ဆုပ်ကိုင်ထားရတဲ့
ဒီဘ၀…။

အလင်းတစက် မပျက်သုဉ်းချိန်
တရံသောအခါ..က
ဖြတ်သွား ဖြတ်လာခြင်းတွင်
ဖွဲ့နွဲ့ဖူးမိခဲ့သမျှ
ပြာလွင့်လွင့်ကွင်းပြင်တဆုံး
ခရီးအဆုံးကိုသာ
နှလုံးသားဖြင့် ဖတ်ရှုပါလေ …။

ဆောင်းလူ (ဇန်န၀ါရီ ၁၂၊ ၂၀၀၈)

March 7, 2008

ဘဒ္ဒရေ...

ရေးထားခဲ့တာ ကြာပါပြီ... အခုအတောအတွင်းရဲ့ မတည်ငြိမ်မှုတွေကြောင့် အလုပ်ရှုပ်ချင်ယောင်ဆောင်ရင်း မတင်ဖြစ်ပဲရှိနေခဲ့တာပါ.. ဝေဖန်ပေးလှည့်ကြပါခင်ဗျ..

အားလုံးကို လေးစားလျှက်
ဆောင်းလူ
ဘဒ္ဒရေ …

ဘဒ္ဒရေ…
ရင်ကွဲပက်လက် ကြေမွစိတ်နဲ့
ကြယ်တွေကို ခိုးခိုးနမ်းမိတယ် …
တိမ်တွေကို ခိုးခိုးပိုက်မိတယ် …
လေညှင်းကြွေတွေ ခိုးခိုးရှိုက်ရင်း …
၁၈၀ ဒီဂရီ ပါဖော့်မင့်ထက်
အသာအယာစီးမျှော ပင့်သက်မောနဲ့
ပေါလောလေးမျောခဲ့ပေါ့ …။

ဘဒ္ဒရေ …
သံတူကြောင်းကွဲ ဒီအက်ကြောင်းထက်
တခါတရံရဲ့ လွမ်းနာမှုတွေက
ရေချိန်လွန် ကိုက်ခဲမှုတခုလို
အတန်းလိုက် … အစန့်လိုက်မှာ
ကမ္ဘာကုန်ကျယ်သရွေ့ လွမ်းဆွေးစိတ်တွေကို
အကြိမ်ကြိမ် ငှဲ့သောက်မိပေါ့…။

ဘဒ္ဒရေ …
ရုတ်တရက်မှာ
ညတွေသာ ပြောင်းပြောင်းသွားတယ်
နေ့တွေသာ ဟောင်းဟောင်းသွားတယ်
အနာဟောင်းနဲ့ နာကျင်မှုတွေကတော့
ဆန်းသစ်မြဲ …. ဆန်းသစ်ဆဲ …။

ဘဒ္ဒရေ…
တကယ်တမ်း
ပျိုးခဲ့မိတဲ့ ဥယျာဉ်ကြီးလည်း
မစိမ်းလန်းတော့ပါဘူးလေ …။

ဆောင်းလူ
(အောက်တိုဘာ ၂၅၊ ၂၀၀၇)

February 25, 2008

မေတ္တာ (သို့မဟုတ်) ဖန်ဆင်းခြင်း

ဖန်ဆင်းထားတာတခုလို့ပဲ ကျနော်မြင်တယ်...။ နားလည်ရင်မှလည်း နားလည်မယ်...။ နားမလည်ရင်လည်း ကျနော်ရှင်းမပြတတ်တော့ဘူး..။ အတိမ်အနက်ခန့်မှန်းခက်တယ်လေဗျာ..။ ဖတ်ကြည့်ကြပါ....။

မေတ္တာ (သို့မဟုတ်) ဖန်ဆင်းခြင်း

ချစ်ခြင်းမေတ္တာ ဆွတ်ဖြန်း
ပြုစုပန်းတပွင့် လန်းဆန်း
တင့်ဆန်းစေရန်
စုန်ဆန်လှမ်းရင်း
သမုဒ္ဒရာရေ မျှဝေခြင်းရယ်ပါ…။

နှစ်ရက်တွေ ပျက်သုဉ်း
သံစဉ်တွေ ဆိတ်သုဉ်း
နိမိတ်စုံ အခန်းကျဉ်းထဲမှာ
သစ္စာနဲ့
ပြန်လာမဲ့သူကိုများ
မျှော်နေမိခဲ့နိုင်ပါဦးမလား…။

တကယ်ဆို
စပ်ကူး မတ်ကူး ဘ၀ကူး
လေရူးအဝှေ့မှာ..ကြွေမလိုက်စေချင်
မြေမခစဉ်
အသာအယာပိုက်ထွေး၍
ဖြေလိုက်ချင်သေးသည်…။

ဆောင်းလူ
ဖေဖော်ဝါရီ ၂၅၊ ၂၀၀၈။

February 17, 2008

ဆူး

Printing မှာ ပါခဲ့ပြီးသားပါ..။
ဆူး

လကိုက ... ဟန်နဲ့
ညကိုက ... အသံနဲ့...။

တိတ်ဆိတ်မှုက
ကြယ်တွေနောက်ခံနဲ့
အာရုဏ်ကို ငံ့လင့်နေရဲ့..။

ရေလိုက် ငါးလိုက်နဲ့
အဖြစ်အပျက်တွေက
သူ့အရပ်နဲ့သူ အဘိဓမ္မာဆန်တယ်...
သူ့အရပ်နဲ့သူ ဒွိဟဆန်တယ်...။

ပဋိပက္ခ
မွတ်သိပ်မှုနဲ့
လိုအပ်မှုတွေအတွက်
ဓားတလက်မဖြစ်တောင်မှ
ဆူးတခက်ပဲဖြစ်စေ...။ ။

ဆောင်းလူ

February 15, 2008

သူရဲကောင်းတို့၏ မိခင်...

၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် ကျဆုံး သွားခဲ့သည့် ဆရာရေဆန်ရေးသားခဲ့သော ကဗျာတပုဒ်ကို အမှတ်တရဂုဏ်ပြုသည့်အနေဖြင့် ဖော်ပြလိုက်ပါသည်။ Printing မှာလည်း ပါပြီး ခဲ့ပြီလို့ထင်ပါတယ်။ အခြေအနေ အကြောင်းကြောင်းအရ သက်ဆိုင်သူများထံ ခွင့်ပြုချက်တောင်းခံခြင်းမပြုနိုင်ခဲ့သည်ကို အနူးအညွတ် တောင်းပန်အပ်ပါသည်။

သူရဲကောင်းတို့၏ မိခင်

ရေအခံ မြေအခံမရှိ
မျိုးစေ့ကလည်း မမှန်ရင်
ဘယ်မှာလျှင် အပင်ရှင်သန်မှာလဲ
ဘယ်မှာလျှင် တော်ဝင်ဆန်မှာလဲ
ဘယ်မှာလျှင် ကြာရှည်ခံမှာလဲ ...။

နှစ်ခြောက်ဆယ် လေမိုးဒဏ်
ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း
သွေးချင်းချင်းနီလည်း ခရီးဆက်
သူရဲကောင်းတို့ရဲ့ မိခင်
အမှန်ပင်ဖြစ်ခဲ့ပြီ...။

အမျိုးကောင်းသားတို့ရေ
မိခင်ကြီးရဲ့ သူ့မေတ္တာနဲ့ သစ္စာထု
အသက်သွေးချွေးများနဲ့ သက်သေပြုလို့
အာဇာနည်တို့ သွန်းထုပြ
သဇင်ပန်းအလှတို့ ပွင့်ခဲ့ပြီ...။

သူရဲကောင်းတို့ရေ
သားစားဘီလူးရှေ့မှာ
တချက်လေးမှ စိုးရွံ့
တချက်လေးမှ နောက်မတွန့်နဲ့
မိခင်က ရှေ့ကသွားမယ်
လိုက်ခဲ့ကြ အောင်ပွဲဆီ...။

ရေဆန် (ကေအဲန်ယူ)
ကေအဲန်ယူ၏ နှစ် (၆၀) ပြည့်အထိမ်းအမှတ်

February 14, 2008

ဆောင်းည


ချစ်သူများနေ့အမှတ်တရအဖြစ်ပါ...။ ရေးထားတာတော့ကြာခဲ့ပါပြီ..။ ၂၀၀၇ ဒီဇင်ဘာနောက်ဆုံးည ဟိုးချမ်းလွန်း တဲ့ ခေတ်မှီတောမြို့ပေါ်မှာ ချစ်သူလွမ်းဆွတ်စိတ်ရယ်...။ သူငယ်ချင်းတဦးရဲ့ခံစားချက်ရယ်..ပေါင်းစပ်ဖြစ်ခဲ့ တာပါ...။

ဆောင်းည

လေညှင်းဝသုန်
နှင်းရိပ်မှုံတွင်
တိမ်၏ပုခက်
လရိပ်ညှိတွယ်
ကြယ်တွကြိုးသီ ချစ်ခြင်းကိုယ်စီ..။

ဆောင်းညအိပ်မက်
ကြင်နာသူလက်
ရင်တွင်းထွေးဝှက်
နိုးတ၀က်ဖြင့်
တေးချင်းထပ်၍ မှေးစက်ချင်သည်..။

ဆောင်းလူ