April 7, 2008

အာသာငမ်းငမ်း ညကိုငှဲ့သောက်ခြင်း

ကျနော့်ဘလော့ဂ်လေးစလုပ်တော့ ဒီကဗျာလေးကို လိုက်ရှာမိသေးတယ်။ အခုမှပဲတွေ့လို့ ပြန်တင်လိုက်တာပါ..။ ကို နေသွင် (နေနေ)၊ ကိုအောင်ထွန်းရယ်၊ ကျနော်ရယ် ညတခုပေါ်မှာ ကြယ်တွေ..တိမ်တွေကိုငေးရင်း သုံးယောက်သားပေါင်းစပ်ဖြစ် ခဲ့တာပါ..။ ဝေလီဝေလင်းအချိန်လေးမှာ ပြီးဆုံးခဲ့တဲ့ဒီကဗျာကို အမှတ်တရအဖြစ် တင်ပေးလိုက်တာပါ..။ ဒီကဗျာရဲ့နောက်ဆက်တွဲ အဖြစ် ညပေါ်ကလူသုံးယောက်ကဗျာကိုတော့ ကျနော်ဆက်ရေးဖြစ်ခဲ့ပါတယ်...။

အားလုံးကိုလေးစားလျှက်
ဆောင်းလူ
အာသာငမ်းငမ်း ညကိုငှဲ့သောက်ခြင်း…

ငါ့လိပ်ပြာက
ငါ့သစ္စာတရားကိုသိတယ်
မှောင်မိုက်နေပါ့စေ
ငါထွန်းလင်းပါ့မယ် …။

ဘယ်သူတိုင်းတာဘူးပါသလဲ
အမှောင်ည ပိုးစုန်းကြူးရဲ့အလင်းသံစဉ်ကို..။
အဲ့ဒီအမှောင်ထဲမှာတောင်
ငါက ငါ့အမှန်တရားအတွက်
ဘုရားဆီကပဲ လက်ဖြန့်ချင်တဲ့ကောင်
နှလုံးသားနဲ့ကောင်…။

အဲ့ဒီလို
ငါ့ကိုယ်ငါ ကျိန်ဆိုခဲ့မိရဲ့…
မိုးမလင်းနိုင်သေးမှန်းသိတယ်
ဒါပေမယ့်
ငါက ညကိုဒေါင်လိုက်ဆွဲဖွင့်ချင်တဲ့ကောင်…။

မြစ်ကကောင်းကင်ပေါ်
ပင့်သက်နဲ့ပေါလောမျောနေခဲ့
ခုနှစ်စင်လုံး အမြီးထောင်တော့မယ်
အရုဏ်ဆိုတဲ့မနက်
လင်းဝင့်တော့မယ်…။

ဖြစ်နိုင်ရင်
အဲ့ဒီမနက်
ကျုပ်… အိပ်မက်ခွင့်ပြုပါ…။

(နေနေ၊ အောင်ထွန်း၊ ဆောင်းလူ)


1 comment:

Anonymous said...

ညကို အရမ်းမက်မောတဲ့ပုံပဲနော်..
သိပ်နားမလည်ပေမယ့် တစ်မျိုးလေးတော့ ခံစားရတယ်.
“ဖြစ်နိုင်ရင်
အဲ့ဒီမနက်
ကျုပ်.. အိပ်မက်ခွင့်ပြုပါ” တဲ့..
မနက်မရောက်ချင်တာလား.. တော်တော်ကောင်းတယ်ဗျာ.. ကဗျာလေးက :)