August 11, 2007

ဘာသာပြန်ညနေခင်း

ဘာသာပြန်ညနေခင်း

တကယ်တမ်း
အဆုံးအစမဲ့
ခရီးရှည်ကြီးမှာ
ပျံသန်းခဲ့ကြတာ အမှားလား
ဘာတခုမှ မတူညီခဲ့ကြပါဘူး
ဒါပေမယ့်
ရင်တွင်းဖြစ် ဘာသာစကားတွေနဲ့
ရာသီအလိုက်
တောဝင်တောင်တက်
အမဲလိုက်ဖူးခဲ့ကြတယ်လေ

ခံစားချက်ဆိုတာလည်း ကြမ်းလိုက်တာမှ
မက်မွှေးနဲ့ခင်းကျင်းခဲ့တဲ့
ဘိတ်သိပ်ခံ ညနေခင်းမှာ
ရင်ခုန်သံကိုယ်စီ ဘာသာပြန်ဖြစ်ကြတယ်
ကာရံမညှီနိုင်လို့
မျက်ရည်စတချို့သာ တရားခံအဖြစ်နဲ့
လွင့်စင်ကျခဲ့ရတယ်

ရုတ်တရက် မြင်လိုက်တဲ့
လင်းကနဲ ဖြတ်ကနဲ့
ကွဲကြေမှုမှာ
တချို့က ဒုက္ခကို ကုန်ကူးရင်း
တချို့က ဒုက္ခကို ခုန်ကူးရင်း
တချို့ကိုတော့
အတောင်မကျိုးသရွေ့ ပျံသန်းနေလေရော့

မက်မွှေး။ ။ ....နိုင်ငံလုပ် ဆန်ချက်အရက်အမည်။

No comments: